တစ်တစ်ခွခွနဲ့ တစ် တစ်လီ တစ်နေတဲ့ တစ်နေ့ တစ်ရက် တစ်နံနက်
စိတ်ဓာတ်ကျသလို နှင်းက နှစ်ကျပ်ခွဲဖိုးလောက်တောင် ကျမလာဘူး
ပြက္ခဒိန်တွေသာ တစ်ချပ်ပြီးတစ်ချပ် အရည်ပျော် ရွတ်တွနေတာ
မနက်ခင်းရဲ့ အခင်းအကျင်းဟာ စီးဆင်းနေမြဲပေါ့ လမင်း။
သစ္စာ မေတ္တာတွေဟာ အရည်တွေလား အဖတ်တွေလား
တစ်စုံတစ်ရာ ကြောက်ရွံ့ စိုးထိတ် မဝံ့မရဲ သမ်းဝေနေခြင်းလား
DNA . ပုံတူမျိုးပွား ကလုံး၊ တော်ဖလာရဲ့ လှိုင်းများ။
လမင်းရေ သတိရတယ် သတိရတယ် အရမ်းကိုသတိရတယ်
အရောင်စွဲ မေးခွန်းများကိုလည်း သတိရတယ်
လမင်းသံစဉ် နှစ်ဆယ့်လေးကိုလည်း သတိရတယ်..
အားလုံး
သတိ။ ။
ရတယ်...(အစိပ်၊ အပိုင်း၊ အကွဲ၊ အရှ၊ အပွန်း၊ အပဲ့တွေ)
ခွဲခွါရ ကွဲကွာရတော့မယ့် မကြာမီ နေ့ရက်များအတွက်
ဒါပေမယ့်
ဒါဟာ ပေတုန်းတစ်တုန်း မဟုတ်လို့ မဲ့နေရတဲ့ လူ့အဖြစ် မှတ်တမ်း
လောကဓံဟာ ရိုးရိုးလေး အရိုးခံအတိုင်း အရိုးရင့် ရိရွဲလို့
နှစ်တွေပြောင်းလဲတာကို သတိရပြီး စိတ်တွေ ပြောင်းလဲတာတွေ ပြောင်းလဲပစ်ဖို့
မလွယ်တဲ့ မလွယ်ကြောကြီးပေါ် ဖြစ်စဉ်တွေလည်း ပြောင်းလဲ။
ဒီအက္ခရာများကို နောက်ထပ် မိနစ်အနည်းမှာ အဆုံးသတ်ပါမယ်
သုည ညတွေ တွေတွေလေး လေးနက်၊ နက်နက်လာတဲ့ သံသရာချောက်ကြီးထဲ
ချောက်ချောက်ခြားခြား လည်နေ၊ ပတ်နေတာ...
ဥပမာ သွေးရှိလို့ တိုးတဲ့ သွေးတိုးကိစ္စ၊ အသည်းရှိလို့ ခြောက်ရတဲ့ အသည်းခြောက်ခြင်း ပြဿနာ
အသားရှိလို့ပဲ ပတ်ဝန်းကျင်ဟာ အသားဝါရောဂါလို့ ကင်ပွန်းတပ် ထွန်းကားခဲ့တာပေါ့။
မြန်မာကဗျာတွေ သွေးတိုး အသည်းခြောက် အသားဝါဖြစ်နေပါသလား
ဝါဒ ဝါဒီ ဂိုဏ်းဂဏနဲ့ ဗေဒ သီဝရီ နည်းစနစ်တွေ
အတိတ်က ဒဏ်ရာဟောင်းများလို လစ်လျူရှု မေ့လျော့ထားပါတယ်
စိတ်တောက်စားမှု နယ်နိမိတ်က ရုန်းထွက်ချင်ပါတယ်
ဒီဝါကျအားလုံးကို ကြိုက်သလို ခေါင်းစဉ်တပ်ပါ လူကြီးမင်းများခင်ဗျား
ကျွန်တော့် ခေါင်းနဲ့ကိုယ်ဟာ ခေါင်းစဉ်တစ်ခုအောက်မှာ အမြဲ ထာဝရ မနေလို မသေလို။
သင်္ကြန်ဆိုတာ ဘာတွေ ကြံလို့ ကြံနေမှန်း ကြံကြံဖန်ဖန် မသိ
သီတင်းကျွတ်ဆိုတာ ဘာတွေ ကျွတ်လို့ ကျွတ်နေမှန်း ကျွတ်ကျွတ်လွတ်လွတ် မသိ
ခရစ္စမတ်ဆိုတာ ဘာတွေ မတ်လို့ မတ်နေမှန်း ဖြောင့်ဖြောင့်မတ်မတ် မသိ
နယူးယီးယားဆိုတာ ဘာတွေ ယားလို့ ယားနေမှန်း အားအားယားယား မသိ
စိတ်ဓာတ်ကျသလို နှင်းအစစ်က နှစ်ကျပ်ခွဲဖိုးတောင် ကျမလာဘူး။ ငါ မင်းကိုသတိရနေပါ့မယ်လမင်း။
ဆူးရင့်၊တန့်ဆည်၊
၂၅၊ ၁၂၊ ၂၀၀၉

2 comments:
“ကျွန်တော့် ခေါင်းနဲ့ကိုယ်ဟာ ခေါင်းစဉ်တစ်ခုအောက်မှာ အမြဲ ထာဝရ မနေလို မသေလို။ ”
အဲဒါကိုတော့ သဘောတူတယ်...
“““ဒီဝါကျအားလုံးကို ကြိုက်သလို ခေါင်းစဉ်တပ်ပါ လူကြီးမင်းများခင်ဗျား
ကျွန်တော့် ခေါင်းနဲ့ကိုယ်ဟာ ခေါင်းစဉ်တစ်ခုအောက်မှာ အမြဲ ထာဝရ မနေလို မသေလို။ ”””
ဒီကဗျာကို ဖတ် စိတ်လေ..
လေတဲ့ စိတ်ကို မနှစ်သက်၊ ကဗျာကိုတော့ နှစ်သက်
မအောင့်မသက်နဲ့ပဲ ကျေကျေနပ်နပ် မှတ်ချက် ရေးသွားတယ် ဆရာ...။
(ဒီလို ကဗျာမျိုးကတော့ ဘယ်စာအုပ်ထဲမှ ဘာလို့ မရောက်တာလဲ )
Post a Comment