Friday, November 20, 2009

ညဖွဲ့

စန်းလဂ် မကောင်းတဲ့ ရှင်သန်မှုဟာ
ည ကိုးနာရီရောက်တိုင်း
ပုလင်းဖွင့်သံကို ကြားရတတ်တယ်။

ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း
၀၀လင်လင် ပြောကြ
ဖန်ခွက်ထဲက ရေခဲတုန်းလေးတွေလို
တဖြည်းဖြည်း အရည်ပျော်ရင်း......
ပြေးမလွတ်တဲ့ လမ်းမပေါ်
ခွေခေါက် လဲကျရင်း......။

တစ်ယောက်ရဲ့ အိတ်ကပ်ကို
တစ်ယောက်က စူးစိုက်လို့၊
တစ်ယောက်ရဲ့ ရင်ခုန်သံကို
တစ်ယောက်ဆီ ပစ်ခတ်လို့၊
ချဉ်စုတ်စုတ် အယူအဆတွေက အစ
ပွယောင်းယောင်း စကားလုံးတွေ အဆုံး
တင်ပြမယ်၊ ဆွေးနွေးမယ်၊ ငြင်းဆန်မယ်။

ပြီးရင်
အလိုမကျမှုအားလုံးကို မျက်ခွံမိုးပြီး
အိပ်မက်ကိုယ်စီနဲ့
တစ်နေ့တာ သေဆုံးကြမယ်။ ။

ဆူးရင့်၊တန့်ဆည်၊
၂၀၊ ၁၁၊ ၂၀၀၉

2 comments:

သိင်္ဂါကျော် said...

စိတ်ပျက်စရာ ကောင်းတာ ပေါ်လွင်အောင်ကို ညကို အဖွဲ့ကောင်းလိုက်တာနော်...

ညရဲ့ကောင်းကင် said...

အလိုမကျမှုအားလုံးကို မျက်ခွံမိုးပြီး
အိပ်မက်ကိုယ်စီနဲ့
တစ်နေ့တာ သေဆုံးကြမယ်။


ကဗျာဖွဲ့ထားပုံက အတော်ထိရောက်တယ်ဗျာ...

Related Posts with Thumbnails