Saturday, July 25, 2009

တုန်ခါခြင်း

ထိထိရှရှ ထိခိုက်ဒဏ်ရာရသဖြင့် ဖူးရောင်နေသော ဘ၀လမ်းကြောင်း
အသားလန်သွားသော နေ့များကို ရှေ့ ဆက်ရင်း ဘာတွေ ဆက်ဖြစ်မလဲ
ရင်သပ်ရှုမော စောင့်ကြည့်နေရ
ရုတ်တရက်လေပြည်သေဆုံးသွားချိန်
စိတ်အဆင်းရဲဆုံး ကြုံတွေ့ရတဲ့ ညတွေ
ကြိုးစား ပြေးထွက်ကြည့်ခြင်းဖြင့်
့နောက်တစ်နေ့ နောက်တစ်ကမ္ဘာမှာ
ပျော်ရွှင်အေးချမ်းမှာလို့ ခံယူထားပါတယ်
ချစ်ကျွမ်းဝင်သူတို့နဲ့ ကွဲကွာခြင်း နာခြင်း
ကံအကြောင်းရင်းများ မလွန်ဆန်နိုင်ပါ
အပျက်အစီးလောက်လမ်းက ဝေးဝေးရှာစရာ မလိုပါ
ကူးစက်မှုဆက်လက်ရှိနေဆဲ
တို့အားလုံးရင်ချင်းဆိုင်ရမှာပါ
အဆွေးသွေးများ အန်ပါသည်
အဟမ်း...လောကထဲ ရှိသူတို့ သွေးရူးသွေးတန်းကိုယ်စီ ဖက်ပွေ့ပါ
တို့တော်တော် အားနည်းနေပြီ
ညှော်နံ့စူးစူးအမှောင်တွေ ဧရာမ စိုးရိမ်ပူပန်စရာတွေ
အမှန်တရားအူခွေ ပုပ်နေတာတွေ
နေနဲ့လ တစ်ခြမ်းစီ ပြိုင်တူထွက်လို ထွက်နဲ့ မထီမဲ့မြင် အသည်းလာတိုက်စားတာတွေ
ငါးပေ လေးလက်မရှိ ခန္ဒာကိုယ်နဲ့ မဆံ့တော့ဘူး
အပေါက်တွေ နေရာအနှံ့ပဲ အကုန်ဖိကြိတ်ညှဉ်းပန်း ၀ါးမျိုခံထားရ
စွတ်...လူသားအဖြစ်မေ့အောင် တလိမ့်တုံးတွေနဲ့ လှိမ့်နေကြ
နံရိုးတွေ ဖြုတ်ခံထားရသလို အားလုံးပျော့ခွေယိုင်နဲ့ နေကြ
ညောင်းလို့ လှုပ်စရာ နေရာလွတ်မရှိ
မီးများမြိုက်ခံထားရတယ်
လှည့်စားမှုတွေ သိပ်များနေရင် ဘယ်ကို ထွက်သွားရမလဲ
သေဇောငင်တယ်ကွာ
မိုးကုပ်စက်ဝိုင်းဆီ အရောက်မှာ ရိုးရှင်းလွန်မြောက်မှုနဲ့ တွေ့ကြပါစို့။



စိုးမင်းအောင်

1 comments:

LittLe bIrD said...

အသားလန်သွားသော နေ့များကို ရှေ့ ဆက်ရင်း ဘာတွေ ဆက်ဖြစ်မလဲ၊???

စာသားတွေကမိုက်တယ် ကဗျာလေးကိုနှစ်သက်မိလို့ အားပေးသွားပါတယ်

LinkWithin

Related Posts with Thumbnails