Wednesday, August 29, 2007

ပြက္ခဒိန် ရထား




အသစ်တွေ တစ်နှစ်ပြီးတစ်နှစ်

နံရံပေါ် ထိုးကျလာတယ်...
ဟောင်းနွမ်းအိုမင်းလာသော
အသက်လှောင် အရေပြားများ
အိပ်စက်ခြင်းနဲ့ ညကို တစ်လွှာချင်း ထိုးဆွနေကြ ....။

ရက် လတွေ ကိုက်ချီလာတဲ့ သက္ကရာဇ်မှာ
ကျွန်တော်နဲ့ ၀ိုင်ဝိုင် ရှိခဲ့တာ အသေအချာ
ပွတ်လိုက်တိုင်း လင်းမလာတဲ့
တစ်စုံတစ်ရာ ရှိခဲ့တာ အသေအချာ
မိကေနဲ့ မသင့်မြတ်တဲ့ နတ်ဆိုးမတစ်ကောင် ရှိခဲ့တာ အသေအချာ
စွဲလမ်းစိတ် မိုင်ပေါင်းကုဋေ ရှိခဲ့တာ အသေအချာ
မသေချာတဲ့ ကျွန်တော့်ကဗျာတွေဟာ
ရှင်ဝေး ဝေးနေရတဲ့ သရုပ်မှန်ဝါဒ
သို့မဟုတ်
ကျွန်တော့်ရဲ့ ဒုတိယသေတမ်းစာ.....၊

နှစ်သစ် ခုတ်မောင်းလာတဲ့
ပြက္ခဒိန်ရထားပေါ်
ကျွန်တော်တို့ သီဆိုရမယ့်
စကားလုံးတွေနဲ့ အတူ
ကျွန်တော်တို့ နားထောင်ရမယ့်
ပုံပြင်အသစ်တွေ ရှိနေလိမ့်မယ်ဆိုတာ.....။ ။

ဆူးရင့် (တန့်ဆည်)
1 - 1 - 2006

0 comments:

LinkWithin

Related Posts with Thumbnails