Saturday, September 17, 2011

အဲဒါ ဘာရောဂါလဲ ဒေါက်တာ

အိပ်ပျော်ခါနီးရင် အသံဆိုး အရုပ်ဆိုးတို့ အကြမ်းဖက်တယ်

ထိပ်လန့် တုန်လှုပ် ခြောက်ချား မောပန်း ဆုံးရှုံး ရီဝေ သေရော့

လက်ဝါးကြီးနဲ့ ကျောပြင်ကို ရိုက်ချလိုက်သလို နာကျင်တာ

ခေါင်းတစ်လုံးလုံးမှာ လုံးချာရိုက်နေတဲ့ လျှော်ဖြူမျှင်

ကြောက်စိတ်က အသက်ဓာတ်ကို နှုတ်ယူသွားမလား

ထထလာတဲ့ ကြက်သီးတွေက ဆွဲစားသွားမလား

ရေသောက် ပြန်အိပ်ဖို့ ကြိုးစားလည်း အထက်ပါ အကြောင်းအရာပဲ

အဲဒါ ဘာရောဂါလဲ ဒေါက်တာ

ကြည့် ဒိုင်ယာရီထဲ အဖြစ်အပျက်ဟာ ပုံစံတူ သေဆုံးခြောက်လှန့်လို့

ဆွံ့အနေတဲ့ စကားလုံးမိုင်းတွေ လက်နှစ်ဖက်မှာ ဆုပ်ကိုင်ထားတယ်

ခြေဖော့ပြီး အခန်းထဲ လျှောက် မှန်ရိပ်မှာ ပေါ်လာတဲ့ အရုပ်

မင်းဘယ်သူလဲ သွား သွား သွား သွား သွား သွား သွား

အနုပညာကို ကြိုတင်အကွက်ချ နေရာလုတဲ့ မုဒိမ်းမှု

အိပ်မရတိုင်း အိပ်မက်ဆိုးနဲ့ လှောင်သေနေတဲ့ နေ့တွေ လွမ်းပါတယ်

စိတ်နဲ့ ကိုယ် လမ်းကြောင်းလွဲနေပြီ ဒေါက်တာ

ဆိုက်ကိုစီးတီး သီချင်းသံ၊ ပျောက်ဆုံးသွားတဲ့ စာနာမှု၊ အမှန်တရား

မျက်ရည် အစိုအစေး၊ ဒဏ်ရာ၊ အနာပိုးလောက်၊ သက်ပြင်းမုန်တိုင်း

အပေါက်အပြဲများတဲ့ လေထိုးရုပ်၊ ချစ်မေတ္တာ အားးးးးးးးးးးးးးးးးးးး

ညနက်ကြီး အသံနက်ကြီး အရိပ်မည်းကြီး ထင်ရှားသည့် အမှတ်အသား မရှိ

ဒီအချိန်ရောက်ရင် အဖြစ်အပျက်ဟာ အထက်ပါအတိုင်း လှုပ်ရှားလို့

ဒီအချိန်ရောက်ရင် ကိုယ်ဟာ အရူးတစ်ယောက်လို လွင့်ပျံ့နေပါတယ်

အဲဒါ ဘာရောဂါလဲ ဒေါက်တာ

ခေါင်းတွေ အရမ်းကိုက်ခဲနေတယ်

အဲဒါ ဘာရောဂါလဲ ဒေါက်တာ။ ။

ဆူးရင့်

12. 9. 2011

AM:3:20

Tuesday, August 2, 2011

သို့ / မစ္စတာ ကဗျာဆရာ နှင့် မစ္စစ် ကဗျာဆရာမ

မထင်မှတ်တဲ့ ဒေါင့်က အစင်းရာ အခြစ်ရာ ဖြန့်ထွက်ခြင်း အရှိုးရာတွေလား

ဖွဲ့စပ် ထုတ်ပိုး ပြုလုပ်မှု မူလပုံစံ အနေအထားမပျက်ဘဲ တည်ဆောက်ထားတဲ့ ISMလား

ကဗျာတစ်သျှူး အသားအစအနတွေ စံချိန်ပြည့် အရည်အသွေးမြင့်ဖို့ ထင်ပါတယ် အဲလိုလား

တစ်နေ့ တစ်ပုဒ်လောက်မှ မရေးမသားရရင် အရေပြားတွေ ယားယံလာတတ်သလား

စားမ၀င် အိပ်မပျော် ခေတ်ပြိုင်အာရုံခံစားမှု အသက်ရှူသံ တိမ်းမှောက်နေသလား

ချည်မျှင်ဆန်ဆန် ဗဟိုချက်မဲ့အောင် စိပ်မယ် မွှာမယ် ဖြတ်တောက် SPACEခြားမယ်ပေါ့ ဟုတ်လား

ပင်မရေစီးထဲ ပက်လက် မှောက်ခုံ ဘယ်လို မြောနေ မောနေခဲ့သလဲ

အချိုးအကွေ့ မတူညီတဲ့ စာသားအဆောက်အဦဆီ ပြေးမလား လွှားမလား

ပလပ်စတစ်လိုက်ကောက်သလို စကားလုံးအမှိုက်ပုံထဲ ရှာချင် ဖွေချင်သေးလား

ကိုယ်တိုင် တွေ့ရှိချက် ရေးသားပြီး ပြုလုပ် တပ်ဆင်ခြင်းမျိုးပဲလား

COLLECT ဟာ ရိုးအီနေပြီလို စိတ်ရဲ့ အတွင်းသားစိတ်ကို တိုးတိုးလေး ပြောပြနေလား

အသစ်ဆိုတဲ့ တံဆိပ်တွေ အထပ်လိုက်ကပ် ရှေ့ကို ဆက် - ဆက် စီးသွားမလား

ရေသေအိုင် အစပ်ဆီ အရှက်မရှိ ဂငယ်ကွေ့ ပြန် - ပြန် ၀င်လာဦးမလား

ဒေါင်လိုက် စီမလား၊ အလျားလိုက် စီမလား၊ ဘယ်လိုလဲ၊ ခင်ဗျားရဲ့ သဘောပဲလား

ကဗျာနာရေးအတွက် အသက်အစားထိုး ခွဲစိပ်ကုသဖို့ စိတ်ဝင်စားလား

ခင်ဗျား အသက်တစ်ခြမ်းကို ရက်ရက်ရောရောပဲ ပေးဆပ်ထားခြင်းလား

ဘာဗေဒ ဘယ်သီအိုရီ ဟိုဒင်းတက္ကနစ် အဲဒီဝါဒတွေ ဖတ်ဖြစ်လား

နိုင်ငံနဲ့ ပြုပြင်ပြောင်းလဲရေး ရေးဖြစ်လား၊ ဆုပ်ကိုင်ထားလား

ရင်ထဲ ၀မ်းထဲအထိ ရောက်လား၊ နာကျင်ခံစားနေလား၊ ဆိုးဝါးဆဲလား

လင်းပွင့် မှောင်မည်းလွန်းတဲ့ သိမှု မသိမှုတွေ ဆွဲခေါ်လာဖြစ်သေးလား

ကဗျာမှာ ကြော်ငြာလိုအပ်ကြောင်း ထင်မြင်ယူဆဖူးသလား

စကားလုံးတွေ စာသားတွေ လော်လီတာ မောက်မာတာ

ဆပ်ဆော့တာ အငြိမ်မနေဘဲ ကစားနေတာ လေ့ကျင့်ခန်းလား စတန့်ထွင်တာလား

FORM အကြောင်းအရာ အသံ ဟန် ချိန်းဖို့ ကြိုးစားကြည့်သေးလား

တဖျောက်ဖျောက် တဂျောက်ဂျောက် ခုန်ခုန်ထွက်ပြေးတတ်လား

JUMP တွေရဲ့ သဘောကို သွေဖယ်သေးလား အဲလိုထည့်ရေးမိတတ်လား

စိတ်ကူး စိတ်ရူးပေါက်သလိုပဲ အရေးအသားသက်သက်လား

ကဗျာအပြင် ထွက်ပြေးဖို့ ကြံစည်ဖူးလား ကဗျာထဲ ဆွေးဆွေးငွေ့ငွေ့လေး ငိုနေလား

ကဗျာထဲ ပြေးပြေးဝင်လာတတ်တဲ့ အိပ်မက်မျိုးလား စားဝတ်နေရေး ကျန်းမာရေးလား

ပျော်လား ဖျော်ဖြေရေးလား ဟာသလား အသုံးချခံ ပစ္စည်းသက်သက်လား

ကဗျာကို ညီအစ်ကိုမောင်နှမလို သဘောထားလား ဆွေမျိုးသားချင်းလို သဘောထားလား

မိတ်ဆွေလို သဘောထားလား ချစ်သူလို သဘောထားလား လင်မယားလို သဘောထားလား

ဒါမှမဟုတ် သူစိမ်းသက်သက်ပဲလား ဘယ်လို သဘောထားမျိုးလဲ

ပေါ်ပင်တွေ ရောယောင်နောက်လိုက်လုပ်ရပ်တွေ ပုံတူကူးချမှုတွေ ရှိခဲ့ဖူးလား

ဝင်လာတဲ့ D တွေ အုံ့ဆိုင်းရင်း မှိုင်မှိုင်ဝေေ၀ လွင့်နေ ၀ဲနေလား

စိတ်အလျဉ်အတိုင်း ပေါ်လာသမျှ အခု ကိုယ် ရေးပစ်လိုက်သလို ချရေးသားခြင်းမျိုးပဲလား

ပြီးတော့

ဘာတွေ ဖြစ်လာသေးလဲ

ဘယ်လို ခံစားရသေးလဲ

ပြောပါဦး။ ။

ဆူးရင့်

Wednesday, July 27, 2011

လုပ်ကြံမှု

ကိုယ်ထဲက အသက်ဓာတ် ၀ိုင်ယာမျှင်တွေ

တစ်စချင်း ဖြတ်တောက်နေတာ ခံရ မခက်ဘူးလား

အာရုံကြော သတိပေးသံဟာ တစစ်စစ် မြည်ဟီးလို့

နေ့တိုင်း နေထိုင် ရှင်သန်မှုက ခင်ခင်မင်မင် မရှိတဲ့ လိပ်ပြာတွေလား

ရင်တလှပ်လှပ်နဲ့ သက်ပြင်းတွေ ခဏတိုင်း ခွါခွါချ

လေထဲပုန်းပြီး ၀င်လာတဲ့ ကြောက်စိတ်တွေ နေကောင်းလား နေဆိုးလား

အမိုက်အရိုင်း အပေအတေ အလေအလွင့်လား

ရူးကြောင်ကြောင် မေးခွန်းတွေနဲ့ မင်းရဲ့ တစ်ခန်းလုံး ရှုပ်ပွတွန့်ကြေနေမှာ

သေချာပါတယ်...

အလိုမတူ ဖြတ်သန်းရတဲ့ ဘ၀ဆိုတာကြီးကို ငြင်းဆန်မယ်

တဖြည်းဖြည်း မှေးမှိန်လာတဲ့ အရောင်ကို ငြင်းဆန်မယ်

စန်းလဂ်မကောင်းတဲ့ ညနက်နက်တွေကိုလည်း မင်းငြင်းဆန်နေလိမ့်မယ်

ငယ်ငယ်က စိတ်ဒဏ်ရာဟာ အခုထိ ယိုင်နဲ့နဲ့ ခြေလှမ်းတွေပဲ မဟုတ်လား

အမေ ဘယ်မှာလဲ၊ အဖေ ဘယ်မှာလဲ

အစစ်အမှန် တရားမျှတမှု စာနာခြင်း ချစ်မေတ္တာ ဘယ်မှာလဲ

လွတ်လပ်စွာ ပြောဆို ရေးသား တိုင်ပင် ဆွေးနွေးခွင့် ဘယ်မှာလဲ

အိပ်မရတဲ့ ညအမောဖိုင် မသတီစရာ အညစ်အကြေးတွေ အထပ်လိုက်

ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် အကျပ်အတည်းမျိုးနဲ့ မွန်းကျပ်နေမှာပေါ့

အိပ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့ ကိုယ့်လူ သတိပေးနေတာတွေ / တွေး

သေမင်းလွှတ်တဲ့ အခိုးအငွေ့ဟာ မင်းဘေးတ၀ိုက် ဝေ့ဝေ့သီလို့

အမိုက်အမဲများအတွက် ကမ္ဘာကြီးကို တောင်းပန်လိုက်ပါ

ညည အိပ်လို့မရဘူး၊ ညည အိပ်လို့မရ၊ ညည အိပ်လို့မ၊

ညည အိပ်လို့၊ ညည အိပ်၊ ညည၊ ည

ညအော်သံဟာ တုန်ယင်ထိုးဆွရင်း

ကိုယ်ထဲက အသက်ဓာတ် ၀ိုင်ယာမျှင်တွေ

တစ်စချင်း ဖြတ်တောက်နေတာ ခံရ မခက်ဘူးလား ဆူးရင့်။ ။

ဆူးရင့်

25. 7. 2011

AM; 3;30;15;

Saturday, July 9, 2011

မရူးလွင့်ရန် လေ ကဗျာစာအုပ် မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ

မောင်မင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်တို့ ရေးတဲ့ ကဗျာများကို ရိုက်နှိပ်ဖော်ပြထားတဲ့ မရူးလွင့်ရန် လေ အမည်ရှိတဲ့ ကဗျာစာအုပ်ထွက်ရှိခြင်း အမှတ်တရပွဲအဖြစ် ပန်းဆိုးတန်းအထက်လမ်းမှာ ရှိတဲ့ အင်းဝစာအုပ်တိုက်မှာ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်( စနေနေ့ ) နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ သူငယ်ချင်း၊ ကဗျာချစ်သူ ညီအစ်ကို မောင်နှမများနဲ့ နွေးထွေးစွာ တွေ့ဆုံကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း နွေးထွေးစွာ အသိပေး ဖိတ်ကြားအပ်ပါတယ်။

ကဗျာချစ်သူများအားလုံးကို ကျွန်တော်တို့ မရူးလွင့်ရန် လေ ကဗျာရေးသူများက စောင့်မျှော်ကြိုဆိုနေပါ့မယ်
စာအုပ်ထွက်ရှိခြင်း အမှတ်တရ မိတ်ဆက်ပွဲနေ့မှာ မရူးလွင့်ရန် လေ ကဗျာစာအုပ်ကို ၀ယ်ယူအားပေးကြတဲ့ ကဗျာချစ်သူများအတွက်လည်း 20% လျော့ဈေးနဲ့ ရောင်းချသွားမယ့်အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။


မရူးလွင့်ရန် လေ ကဗျာစာအုပ်မှ ကဗျာရေးသူများ
မောင်းမင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်

Sunday, June 26, 2011

မနှင်းဆီ ငိုရသော နေ့

နေ့ထဲ

ဘယ်လို နေနေရလဲ

နေပူလွန်းတော့ နေရတာက သိပ်အသက်မ၀င်သလို

သဘာဝ ရေ မြေ ဘေးအန္တရာယ်

ကြားရတဲ့ ငလျင်သတင်းတွေ

စိတ်ကျအား ပြင်းပြင်းပူးဝင်လာတိုင်း

အပျင်းပြေ ဆိုတဲ့ စကားလုံးကို မုန်းတတ်ခဲ့တာ

ဒီလိုနဲ့ တစ်ချိန်လုံးနီးနီး ကွန်ပျူတာရှေ့မှာ ငုတ်တုတ်

ဟိုလုပ် သည်လုပ် ဘာမှတော့ မဟုတ်ပြန်ဘူး

အပြင်ထွက်ဖို့လည်း စိတ်ကူးလို့ မရသလို

ညောင်းလာရင် စာအုပ်တွေဆွဲဖတ်

ကဗျာအကြောင်း ဖိုတိုရှော့အကြောင်း ဒီဇိုင်းအကြောင်း

ပြီးပြန်တော့ ပြန်လေ့လာ ပြန်လေ့ကျင့်

စိတ်ကူးထဲ ရှိသမျှ လျှောက်လုပ် လျှောက်စမ်းသပ်

ဘာမှတော့ မဟုတ်ပြန်ပါဘူး

ဒီလိုနဲ့ တစ်နေ့တာ ကုန်သွားလိုက်တာ

နေ့ရက်တွေ ဘယ်လောက်ကုန်ကုန်သွားပြီ မသိ

ဒါ ကဗျာ မဟုတ်ဘူးနော နော နိုး

စိတ်ကူးပေါက်သလို လုပ်ကြည့်ထားတဲ့ ပုံလေးတစ်ပုံ

စိတ်ကူးပေါက်သလောက် ကြည့်ပေး

က ဗျာ မေ ရး ဖြ စ် ဘူး ဆို တာ

အရိုးထဲအထိ ကြားအောင် ကိုယ့်ကိုယ်ကိုယ်

ပြောနေတယ် မျောနေတယ်

ကဗျာတွေကတော့ စိတ်နဲ့ ကိုယ်ရဲ့ အဝေးဆီ

သူစိမ်းဆန်ဆန် ပြေးနေဆဲ

လိုက်ဖမ်းလိုက်တိုင်း လွတ်နေဆဲ လစ်ဟာနေဆဲ

မနှင်းဆီ ငိုရသော နေ့ဟာ

တနင်္ဂနွေ တနင်္လာ အင်္ဂါ

ဗုဒ္ဓဟူး ကြာသပတေး သောကြာ

စနေ တစ်နေ့နေ့ ဘယ်နေ့လဲ မသိ

နေပူလွန်းတော့ နေ့ထဲ

ဘယ်လို နေနေရလဲ။ ။

ဆူးရင့်

LinkWithin

Related Posts with Thumbnails